မေလ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

ဆန္ဒပြခြင်းသည် ဒီမိုကရေစီကို ကျင့်သုံးခြင်းဖြစ်သည်

''တကယ်တော့ အလုပ်အကိုင်ရရှိပြီး ၀င်ငွေကောင်းပြီး စားနိုင်သောက်နိုင်တဲ့လူက ဘယ်သူက လာခေါ်ခေါ် သူတို့အလုပ်ပျက်ခံပြီး ဆန္ဒပြမှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် နိုင်ငံတည်ငြိမ် အေးချမ်းရေး အတွက်လည်း အထောက်အကူပြုတယ်'' ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမရပူရမြို့နယ် ဆောင်းဒါး ရက်ကန်းကျောင်းတွင် ပြောသည့် မေ ၁၂ ရက်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမှန်တကယ်အားဖြင့် ဆန္ဒပြခြင်း ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ လွတ်လပ်ပိုင်ခွင့် Freedom of Expression ကို ထုတ်ဖော်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် Protest ဆိုသည်မှာ Freedom of Expression ကို ဖော်ထုတ်ခြင်းပင် ဖြစ်သည်။ တစ်ဦးချင်းစီက မကျေနပ်သော အကြောင်းအရာ တစ်ရပ်ကို စိတ်ဖြင့်ဆန္ဒပြခြင်း၊ ထိုမှ နှုတ်ဖြင့်ဆန္ဒပြခြင်း အစရှိသည်တို့ကို ပြုလုပ်လေ့ရှိပါသည်။ မကျေနပ်မှုများကို ထုတ်ဖော်ရာ၌ လူနည်းစု ဆန္ဒပြမှုများ ရှိသည့်နည်းတူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုများလည်း ရှိတတ်ပြီး ထိုသို့တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြခြင်းမျိုးသည် တစ်နိုင်ငံလုံး၏ မကျေနပ်မှုကို ပြဆိုခြင်း ဖြစ်ပါသည်။

ဆန္ဒပြကြရာတွင်လည်း စီးပွားရေး အဆင်မပြေ၍၊ စားဝတ်နေရေး ကြပ်တည်း၍ ဆိုသော အကြောင်းပြချက် တစ်ခုတည်းဖြင့် ဆန္ဒပြကြခြင်း မဟုတ်ဘဲ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော တစ်ဦးချင်းစီ၏ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် (Freedom of Speech)၊ လွတ်လပ်စွာဖော်ထုတ်ခွင့် (Freedom of Expression) ကို အသုံးချခြင်းသာ ဖြစ်ပါသည်။ Freedom of Speech နှင့် Freedom of Expression ကို ပြန်လည်ဖော်ပြရာမှ Freedom of Press ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ Freedom of Expression ကို ဖော်ပြရာ၌ သွယ်ဝိုက်ဖော်ပြခြင်း၊ တိုက်ရိုက်ဖော်ပြခြင်း နှစ်မျိုးရှိသည့်အနက် ဆန္ဒပြခြင်းဆိုသည်မှာ တိုက်ရိုက်ဖော်ပြခြင်းကို ရည်ညွှန်းပြီး ဒီမိုကရေစီကို ကျင့်သုံးခြင်းပင် ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ဒီမိုကရေစီ နိုင်ငံကြီးများသည်ပင်လျင် ရုန်းရင်းဆန်ခတ်မှုများ၊ အကြမ်းဖက်မှုများ ရှိခဲ့သည့်တိုင် ဆန္ဒပြမှုများကို ခွင့်ပြုထားပါသည်။ ဆန္ဒပြမှုများကို ဥပဒေဖြင့် ပြန်ထိန်းခြင်းများ ရှိသော်လည်း ပိတ်ပင်တားမြစ်ခြင်း မရှိခဲ့ပါ။

ထို့အတွက်ကြောင့် အစိုးရအနေဖြင့် ဆန္ဒပြမှုများကို ငြိုငြင်မနေဘဲ အတင်းအကြပ် ထိန်းချုပ်ပါက Freedom of Expression ကို ထိခိုက်နိုင်သည်ဟု ယူဆပါသည်။ စည်းကမ်းတကျ ဆန္ဒပြခြင်းကို ခွင့်မပြုပါက အတင်းအကြပ် ဆန္ဒပြခြင်းများ ရှိလာနိုင်သည်။ ထိုအခါ ဥပဒေအရဟုဆိုကာ အရေးယူရပြန်သည်။ ဤသို့ဖြင့် မလိုလားအပ်သော နောက်ဆက်တွဲ သက်ရောက်မှုများ ဖြစ်လာနိုင်သည်။

မည်သို့ပင်ဆိုစေ ဆန္ဒပြခြင်းဆိုသည်မှာ ဒီမိုကရေစီကို ကျင့်သုံးခြင်းပင်ဖြစ်ပြီး အခြားမည်သူ့ကိုမှ မထိခိုက်စေဘဲ စည်းကမ်းတကျ ဆန္ဒပြခြင်းမျိုး ဖြစ်ရန်သာ အရေးကြီးမည်ဖြစ်ကြောင်း The Daily Eleven မှ ယူဆပါသည်။


Source by Eleven Media Group

Comments

Popular posts from this blog

မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၁၀း၀၀နာရီမိုးဇလ ထုတ်ပြန်ချက်

အင်ဂျလီနာ ဂျိုလီ ရဲ့ ဘဝ (မေပုပ္ပား ရေးသည်)

မောင်တောမြို့သည် မုန်တိုင်းစက်ကွင်းအတွင်း ကျရောက်နေသော်လည်း အစွန်ပိုင်းတွင်ဖြစ်သည့်အတွက် အများဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၅၀ အတွင်းသာ တိုက်ခတ်နိုင်ကြောင်း ဒေါက်တာထွန်းလွင် ခန့်မှန်း (မေ ၁၆ ရက် မွန်းလွဲ ၁း၁၇ နာရီ)