မေလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

ဒေါ်လာဈေးနှင့် အကျိုးစီးပွား

           ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးများ မြင့်တက်သွားသည်။ အစိုးရသစ် တက်ပြီး နှစ်နှစ်တာ ကာလအတွင်း ဒေါ်လာဈေး အမြင့်ဆုံး တက်လာခြင်းဖြစ်သည်။ ယမန်နှစ်မှစ၍ ငွေလဲလှယ်နှုန်းကို တစ်ဒေါ်လာ ကျပ် ၈၀၀ အဖြစ် စတင်သတ်မှတ်ခဲ့ပြီး ယခုအခါတွင် ဒေါ်လာဈေး ၉၃၀ အထိ တက်လာခြင်းဖြစ်သည်။

          အခြေခံ လယ်သမားများကို ပံ့ပိုးရန်ဟုဆိုကာ exporter တွေ ဈေးကောင်းရနိုင်ဖို့အတွက် export value မြှင့်ဖို့ လိုသည်။ သို့မှသာ လယ်သမားတွေ ဈေးကောင်းရမည်ဟု ဆိုကြသည်။ ဤအချက် တစ်ခုတည်းဖြင့်တော့ လုံးဝ မလုံလောက်ပါ။ လယ်သမားများ၊ တောင်သူများကို အမှန်တကယ် သီးနှံဈေးကောင်း ရစေချင်ပါက သီးနှံပေါ်သည့် အချိန်တွင် ရှိသင့်ရှိထိုက်သည့် ဒေါ်လာဈေးအမြင့်တွင် တည်ငြိမ်စွာ ရှိနေရမည် ဖြစ်သည်။ သို့သော် ယခုကဲ့သို့ သီးနှံများအားလုံး လယ်သမားများ လက်ထဲ မရှိသည့် အချိန်တွင်မှ ဒေါ်လာဈေးကို ခဏခဏမြှင့်ခြင်းသည် နှစ်တိုင်းလုပ်နေကျလို ဖြစ်နေသည်။ ယမန်နှစ်ကလည်း ယခုလို ဆွဲတင်ဖို့ စကားဦး သန်းဖူးသည်။

       အမှန်တကယ် export value ဖြစ်စေချင်လျှင် တခြားသော နိုင်ငံများကဲ့သို့ လယ်သမားများ အကျိုးဖြစ်ထွန်းစေရန် subsidize လုပ်ပေးရမည်။ ငွေများလည်း အတိုးမဲ့ ချေးပေးရမည်။ ဓာတ်မြေသြဇာများကိုလည်း ဈေးလျှော့ ရောင်းပေးရမည်။ ဆင်းရဲသော တောင်သူလယ်သမားများကို တခြားနည်းများဖြင့်သာ ထောက်ပံ့ဖို့ရှိသည်။

       ဒေါ်လာဈေးကို အတင်းမြှင့်၍ အခြေခံ လူတန်းစားများထံမှ ရသမျှ ညှစ်ထုတ်၊ တောင်သူလယ်သမားများ၏ အကျိုးဟု အကြောင်းပြကာ export value မြှင့်မည်ဆိုပါက မဖြစ်သင့်ဟု ယူဆပါသည်။ ငွေကြေးတန်ဖိုး ဆိုသည်မှာ မြှင့်ချင်သည့်အချိန်မြှင့် ချချင်သည့်အချိန်ချ ဆိုသည်မျိုး မဖြစ်သင့်ဘဲ ရှိသင့်ရှိထိုက်သည့် တန်ဖိုးတွင်သာ တည်ငြိမ်စွာ ထိန်းထားနိုင်ရမည် ဖြစ်သည်။ သို့မှသာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အခွန်ကင်းလွတ်ခွင့်ဖြင့် ပစ္စည်းတင်သွင်းခွင့် ရသူများ၏ ဈေးကစားခြင်းမျိုး အပါအ၀င် ပြည်တွင်းပြည်ပ၌ နိုင်ငံခြားငွေများစွာ ပိုင်ဆိုင်ထားသည့် ခရိုနီ လုပ်ငန်းရှင်အချို့၏ ဈေးကစားခြင်းမျိုးကို အစိုးရက ထိန်းထားနိုင်မည် ဖြစ်သည်။ ထိုသို့ မထိန်းချုပ်နိုင်ပါက အခြေခံ လူတန်းစားများသာ ပိုမိုနစ်နာမည် ဖြစ်သည်။ ဒေါ်လာဈေးကို ပုံမှန်နည်းလမ်းဖြင့် မဟုတ်ဘဲ ကျပ် ၁၀၀၀ အထိ သတ်မှတ်ဆွဲတင်ပြီး အခြေခံ လူတန်းစားများ နစ်နာအောင် လုပ်မည်ကိုတော့ The Daily Eleven က လက်မခံကြောင်းနှင့် လူအများ၏ နိစ္စဓူဝ စီးပွားထိခိုက်မည်ကို လက်မခံကြောင်း ရေးသားအပ်ပါသည်။
 Source by Eleven Media Group

Comments

Popular posts from this blog

မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၁၀း၀၀နာရီမိုးဇလ ထုတ်ပြန်ချက်

၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ

အင်ဂျလီနာ ဂျိုလီ ရဲ့ ဘဝ (မေပုပ္ပား ရေးသည်)