မိတ္ထီလာ အကြမ်းဖက်မှု၌ ကျူးလွန်သူဟု သံသယ ရှိသူများအား ဖမ်းဆီးထားမှု ၈၅ ဦးအထိ ရှိနေပြီး အမှုပေါင်း ၁၃ မှုဖြင့် ရုံးတင်ထား

မိတ္ထီလာမြို့ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ကျူးလွန်သူဟု သံသယ ရှိသူများအား ဖမ်းဆီးထားရာ ၈၅ ဦးအထိ ရှိပြီး ၎င်းတို့အား အမှုပေါင်း ၁၃ မှုဖြင့် ရုံးတင်စစ်aဆးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က Eleven Media သို့ မေ ၁၅ ရက်က ပြောကြားခဲ့သည်။

လက်ရှိတွင် ကျူးလွန်သူဟု သံသယရှိသဖြင့် လက်ရှိအချိန်ထိ ဖမ်းဆီးထားသူ ၈၅ ဦးအား လူသတ်မှု၊ သွေးထိုးလှုံ့ဆော်မှု၊ မီးရှို့မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ လုယက်မှု၊ နာကျင်မှု၊ အကျိုးဖျက်ဆီးမှု၊ နာကျင်စေမှု အစရှိသည့် ပုဒ်မများနှင့် စပ်ဆက်ပုဒ်မ ၅ မှုတို့ဖြင့် မိတ္ထီလာခရိုင် တရားရုံးတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က "လက်ရှိထိတော့ သူတို့ကို စစ်ဆေးနေဆဲပါပဲ။ တရားလိုပြ အဆင့်တွေတော့ ပြီးခါနီးပါပြီ" ဟု ပြောကြားခဲ့သည်။

ယင်းအပြင် မိတ္ထီလာမြို့အတွင်း ဘုန်းကြီးတစ်ပါး အသတ်ခံမှု ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ၁၁ ဦးကို ယခုလ ၂၁ ရက်နေ့တွင် အမိန့်ချသွားမည်ဟု သိရသည်။

မိတ္ထီလာမြို့မှာ လက်ရှိအချိန်တွင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး ဖြစ်သဖြင့် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အား ယခုလအတွင်း ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း ဦးရဲအောင်မြင့်က ဆိုသည်။

မတ် ၂၀ ရက် ဖြစ်ပွားခဲ့သော မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့သော ကော်မရှင်၏ ရလဒ်မှာ ပြီးစီးသွားပြီ ဖြစ်သော်လည်း မည်သည့် အဖွဲ့ အစည်း လုပ်ဆောင်သည်ကို အသိပေးကြေညာရန် မရှိသေးကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ မန္တလေးတိုင်း နယ်စပ်ရေးရာ ၀န်ကြီးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။

"ဖမ်းဆီးဖို့ ကျန်ရှိနေပါသေးတယ်။ အဲဒီအတွက်ကြောင့် ဘယ်အဖွဲ့အစည်းလည်း ဆိုတာ ထုတ်ပြောလို့ မရနိုင်သေးပါဘူး" ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။

(မိတ္ထီလာ ပဋိပက္ခတွင် သံဃာသတ်ဖြတ်မှု၌ ပါဝင်သူများအား ရုံးထုတ်လာသည်ကို မိတ္ထီလာ တရားရုံးရှေ့တွင် တွေ့ရစဉ်)
(ဓာတ်ပုံ-၀ဏ္ဏ)
 Source by Eleven Media Group

Comments

Popular posts from this blog

နှင်းဆီမေ (ပိုင်သက်ကျော်)

ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၅၇၀ ခန့်အကွာ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

Adobe Reader 11.0.02