၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ

၂၀၁၅ ခုနှစ်သို့ အရောက်တွင် ပြည် တွင်း၌ ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရှိလာရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ လာမည့် ဇွန်လအတွင်း၌ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီနှစ်ခု ရွေးချယ်မည်ဖြစ်ပြီး ယင်းအော်ပရေတာ ကုမ္ပဏီများအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံရဖွယ်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများက သုံးသပ်ပြောကြားခဲ့သည်။

''၂၀၁၅ အရောက်မှာ ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရောက်စေချင်တယ်။ မိုဘိုင်းဖုန်းရော ကြိုးဖုန်းပါ။ နိုင်ငံတကာကို ကြည့်တော့ ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ ဖြစ်လာဖို့ ငါးနှစ်ကနေ ခုနစ်နှစ်အထိ အချိန်ယူကြရတာ တွေ့ရတယ်။ ဗီယက်နမ် နိုင်ငံကတော့ သုံးနှစ်အတွင်းမှာ ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာအောင် လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ မပေးချင်ပါဘူး။ ၂၀၁၅ မှာ ရာခိုင်နှုန်း ၅၀ ဖြစ်လာဖို့အတွက် နှစ်နှစ်ခွဲပဲ အချိန်ရမှာ ဖြစ်ပါတယ်။ အကောင်းဆုံး၊ အတွေ့အကြုံ အများဆုံး အော်ပရေတာ ကုမ္ပဏီကို ရွေးချယ်မယ်ဆိုရင်တော့ နှစ်နှစ်ခွဲအတွင်းမှာ ဖြစ်လာနိုင်ပါတယ်။ ဖုန်းသိပ်သည်းဆ မြင့်တက်လာဖို့ကို ဦးစားပေးသွားမှာဖြစ်ပြီး အဲဒီမှာမှ မိုဘိုင်းဖုန်းတွေကို ဦးစားပေးသွားမှာ ဖြစ်ပါတယ်'' ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ရွေးချယ်ခံရသော ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီအနေဖြင့် အချိန်ကာလ နှစ်နှစ်ခွဲအတွင်း ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရောက်လာရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ဒေါ်လာနှစ်ဘီလျံ ရင်းနှီးမြှုပ်နှံရဖွယ် ရှိကြောင်းလည်း ခန့်မှန်းသုံးသပ်ခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မိုဘိုင် ဖုန်း သိပ်သည်းဆမှာ ခုနှစ်ရာခိုင်နှုန်းခန့်ရှိပြီး အော်တိုကြိုးဖုန်း သိပ်သည်းဆမှာ တစ်ရာခိုင်နှုန်းကျော်သာ ရှိကြောင်း သိရသည်။

ဆက်သွယ်ရေး ကုမ္ပဏီလေးခုမှ ၂၀၁၃ မှ ၂၀၁၆ အတွင်း၌ မိုဘိုင်းဖုန်းအလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်း ယခင်က ထုတ်ပြန်ခဲ့ဖူးသည်။

ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများအတွက် အရည်အသွေး သတ်မှတ်ချက်များလည်း ထားရှိမည်ဖြစ်ပြီး ချို့ယွင်းချက်များရှိပါက ဒဏ်တပ်သွားမည်ဟု သိရသည်။

''ဖုန်းခေါ်ဆိုမှုအကြိမ် ၁၀၀ မှာ ၉၉ ကြိမ် လိုင်းမိရမယ် စသဖြင့် သတ်မှတ်ချက်တွေ ရှိပါတယ်။ ခေါ်ဆိုလို့ မရဘူး၊ လိုင်းမမိတာတွေ များမယ်ဆိုရင် ဒဏ်တပ်မှာဖြစ်ပါတယ်'' ဟု ၀န်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။

၂၀၁၁-၂၀၁၂ အတွင်း နိုင်ငံအချို့၏ မိုဘိုင်းဖုန်း သိပ်သည်းဆများ

ထိုင်း ၁၂၃ ရာခိုင်နှုန်း

မလေးရှား ၁၂၂ ရာခိုင်နှုန်း

တောင်ကိုရီးယား ၁၀၈ ရာခိုင်နှုန်း

ဖိလစ်ပိုင် ၁၀၃ ရာခိုင်နှုန်း

အင်ဒိုနီးရှား ၉၆ ရာခိုင်နှုန်း

တရုတ် ၇၈ ရာခိုင်နှုန်း

အိန္ဒိယ ၇၈ ရာခိုင်နှုန်း

ပါကစ္စတန် ၆၆ ရာခိုင်နှုန်း

ဘင်္ဂလားဒေ့ရှ် ၅၀ ရာခိုင်နှုန်း

မြန်မာ ၇ ရာခိုင်နှုန်း

မေ ၁၃ ရက်က ကျင်းပသော အော်ပရေတာတင်ဒါနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ဆက်/နည်းပညာ ဒုဝန်ကြီးဦးသောင်းတင်မှ ရှင်းလင်းစဉ်



Source by Eleven Media Group

Comments

Popular posts from this blog

နှင်းဆီမေ (ပိုင်သက်ကျော်)

ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၅၇၀ ခန့်အကွာ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

Adobe Reader 11.0.02