နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်နိုင်ငံသို့ အလုပ်သဘောခရီး သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်နိုင်ငံသို့ အလုပ်သဘော ခရီးသွားရောက်မည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့မှ မေ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်နိုင်ငံသို့ မကြာမီ သွားရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မည်သည့်ရက်တွင် သွားရောက်မည်ကို ထုတ်ပြန်ထားခြင်း မရှိပေ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်သည် ရာစုနှစ်တစ်ဝက်ခန့်အတွင်း အမေရိကန်သို့ သွားရောက်သည့် ပထမဆုံး မြန်မာခေါင်းဆောင် ဖြစ်လာမည်ဖြစ်ပြီး ၀ါရှင်တန်သို့ မေ ၂၀ ရက် သို့မဟုတ် မေ ၂၁ ရက်ခန့်တွင် သွားရောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း အမေရိကန်ကွန်ဂရက်မှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုက ပြောကြားကြောင်း အေအက်ဖ်ပီတွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန်အတွက် အမေရိကန်သို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက သွားရောက်လည်ပတ်ခဲ့ဖူးပြီး နယူးယောက်တွင်သာ UN အထွေထွေ ညီလာခံ အစည်းအဝေးများ တက်ရောက်ခဲ့သည်။ အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားပေးသည့် အနေဖြင့် ယမန်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။


Source by Eleven Media Group

Comments

Popular posts from this blog

မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၁၀း၀၀နာရီမိုးဇလ ထုတ်ပြန်ချက်

၂၀၁၅ တွင် ဖုန်းသိပ်သည်းဆ ရာခိုင်နှုန်း ၅၀ အထိရှိလာရန် ရွေးချယ် ခံရသော အော်ပရေတာ ကုမ္ပဏီအနေဖြင့် ဒေါ်လာနှစ်ဘီလျံခန့် မြှုပ်နှံ ရဖွယ်ရှိနေ

အင်ဂျလီနာ ဂျိုလီ ရဲ့ ဘဝ (မေပုပ္ပား ရေးသည်)